Monday, 26 August 2013

ဘာသာပြန်-၎

အမေရိကန် အမျိုးသမီးကဗျာဆရာ နာတာရှာ ထရက်ဒ်သဝေး

July 2, 2013 at 9:22pm
နာတာရှာ ထရက်ဒ်သဝေး (Natasha Trethewey) ဟာ သူမရဲ့ လူမျိုး၊ သမိုင်းနောက်ခံ အကြောင်းအရာတွေကို မေ့ပျောက်ပစ်ခြင်း၊ မိသားစု၊ အတိတ်ရဲ့ အောက်မေ့သတိရစရာများနဲ့ လုပ်ငန်းဆိုင်ရာ အဆင့်အတန်းတွေအပေါ်မှာ လေးလေးနက်နက်  ပြန်ပြောင်း ဆင်ခြင်သုံးသပ်နိုင်ခြင်းတွေကြောင့် အမေရိကန်ရဲ့ အပြောင်မြောက်ဆုံး ခေတ်ပြိုင်ကဗျာဆရာတွေထဲက တစ်ရောက်အဖြစ် ဂုဏ်ပြုသတ်မှတ်ခြင်းခံရပါတယ်။ သူမရဲ့ ကဗျာတွေက ဆုံးရှုံးမှုကို ပေါ်ပေါ်လွင်လွင် ပုံဖမ်းနိုင်တဲ့ ထုတ်ဖော်ပြသမှုတွေကို ပေးစွမ်းနိုင်သလို လူသားတို့ရဲ့ အတိတ်ကို ရှာဖွေမှုကိုလည်း ရဲဆေးတင်ပေးတတ်ပါတယ်။ မစ်စစ္စပီဟာ သူမရဲ့ မွေးရပ်ဖြစ်ပြီး ထရက်ဒ်သဝေးဟာ ၁၉၈၉ ခုနှစ်မှာ အင်္ဂလိပ်စာ အဓိက B.A ဘွဲ့ကို University of Georgia ကနေ ရရှိခဲ့ပါတယ်။ နောက်ပြီး ဂျော်ဂျီယာတက္ကသိုလ်ရဲ့ စာနယ်ဇင်းပညာရပ် မဟုတ်တဲ့ ပြင်ပဘာသာရပ်အနေနဲ့ ပထမဆုံး Pulitzer Prize ကို ၂၀၀၇ မှာ ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်တယ်။ ယခု လက်ရှိမှာတော့ သူမဟာ Emory University ရဲ့ ကဗျာဗေဒ ဘာသာရပ်မှာ Phillis Wheatley Distinguished Chair ဂုဏ်ထူးကို လက်ခံရရှိထားပြီး ဖန်းတီးမှု အရေးအသား (creative writing) ဌာနမှာ စာသင်ကြားတဲ့ အလုပ်ကို လုပ်ကိုင်နေပါတယ်။

ထရက်ဒ်သဝေးကို လူဖြူပါမောက္ခ ဖခင်နဲ့ လူမည်း လူမှုဖူလုံရေးဝန်ထမ်း မိခင်တို့က မစ်စစ္စပီမှာ မွေးဖွားခဲ့ပါတယ်။ ဒါဟာ သူမအတွက်တော့ ငယ်စဉ်ကတည်းက သူမဟာ မည်သူမည်ဝါဖြစ်ကြောင်း ဆိုတဲ့ မေးခွန်းမျိုးကို မေးတတ်စေအောင် ဖန်တီးပေးလိုက်တာပါပဲ။ သူမ သူ့နည်းသူ့ဟန်နဲ့ အမြဲပြောလေ့ရှိတာကတော့ "ကလေးတစ်ယောက်အနေနဲ့ လူတွေက ကျမကို ငေးစိုက်ကြည့်ကြတယ်ဆိုတာကို ကျမ အထူးတလည် သတိထားမိတယ်။ ကျမ ဘဝတစ်လျှောက်လုံးလဲ အမေးမြန်းခံနေခဲ့ရတယ်။ မင်းက ဘာလဲ ဘယ်လဲ ဆိုတာမျိုး။ ကျမ အမေက လူမည်းလူမျိုး ဒါပေမယ့် ကျမ အဖေကတော့ လူဖြူတစ်ယောက်ဖြစ်နေတာကိုး။" ဆိုတာမျိုးပါပဲ။ ထရက်ဒ်သဝေးရဲ့ ငယ်စဉ်ဘဝမှာ ကတည်းက ရှိနေခဲ့တဲ့  တောင်ပိုင်းဒေသစွဲ လူမျိုးရေး အမွေဟာ သူမရဲ့ စာပေတွေမှာ တည်ရှိဆဲ တည်ရှိမြဲဖြစ်ကြောင်းကိုလည်း အသားပေးဖော်ပြနေတယ်။ အင်တာဗျူးတစ်ခုမှာတော့ တောင်ပိုင်းဒေသမှာ ကြီးပြင်းခဲ့ခြင်းမှုအပေါ်ထားတဲ့ သူမရဲ့ ရှုပ်ထွေးခက်ခဲတဲ့ အမြင်တွေကို ဒီလိုပြောပြခဲ့ပါတယ်။ "ကျမထင်တာကတော့ ရှင်ဟာ အမေရိကန် အာဖရိကန်နွယ် စာရေးသူတစ်ယောက် ဖြစ်ကောင်းဖြစ်မယ်ဆိုရင် တောင်ပိုင်းဒေသနဲ့ ပတ်သတ်တဲ့ ချစ်ခြင်း-မုန်းခြင်း ဆက်ဆံရေးမျိုး ရှိကိုရှိနေမှာပဲရယ်။ နောက်ပြီး အဲဒါကို ကျမ သဘောကျတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သတ်လို့ ဖော်ထုတ်ပြောပြဖို့လိုတဲ့ လျှို့ဝှက်ချက်လေးတွေ ရှိတယ်ဆိုတာကိုလည်း ကျမ သိနေပါတယ်”။

သူမရဲ့ Native Guard ကဗျာစာအုပ်ထဲမှာပါတဲ့ "အဖြစ်အပျက်" ဆိုတဲ့ ကဗျာမှာ သူမတို့ မိသားစုခြံထဲမှာရှိတဲ့ လက်ဝါးကပ်တိုင်ကို လက်ယာစွန်းရောက် ဖောက်ပြန်ရေးအင်အားစုတွေ လာပြီး မီးရှို့ ဖျက်ဆီးခဲ့တဲ့ ညအကြောင်းကို အခုလို အသေးစိတ်ပြန်ပြောပြထားတယ်။


ဝတ်ရုံဖြူနဲ့ လူတစ်သိုက်အဖြစ် ဘုရားခင်ရဲ့ တမန်တော်တွေလို စုရုံးရောက်လာခဲ့ကြပုံပဲ
သူတို့လုပ်ဆောင်စရာတွေ ပြီးတာနဲ့ တိတ်ဆိတ်စွာ ပြန်ထွက်သွားကြတယ်
ဘယ်သူမှတော့ ရောက်မလာခဲ့ဘူး

.....

တကယ်တော့ ဘာဆို ဘာမှ မဖြစ်ပျက်ခဲ့ပါဘူး
ဖြာနေတဲ့ မီးလျှံတွေက မနက်မိုးမလင်းခင် လုံးဝ မှိန်သွားခဲ့ပြီ
ငါတို့ဟာ ဒီဇာတ်လမ်းကို နှစ်စဉ်နှစ်တိုင်း ပြောလို့


သူမ အသက်ခြောက်နှစ်ရောက်တဲ့အခါမှာ သူမ မိဘနှစ်ပါး ကွာရှင်းပြဲစဲခဲ့ကြတယ်။ သူမ မိဘတွေရဲ့ လမ်းခွဲမှုအပြီးမှာ ထရက်ဒ်သဝေးက သူမ မိခင်နဲ့အတူ Atlanta ကို ပြောင်းရွေ့နေထိုင်ခဲ့တယ်။ နောက်ပိုင်း နှစ်အနည်းငယ်အကြာမှာတော့ University of Georgia မှာ တက်ရောက်ပညာသင်ယူခဲ့တယ်။

ထရက်ဒ်သဝေးရဲ့ ကဗျာတွေမှာ အများအားဖြင့် သူမဘဝရဲ့ အတိတ်ဇာတ်ကြောင်းတွေနဲ့ အမေရိကန်လူမျိုးတွေရဲ့ သာမန်ယေဘူယျ အတိတ်ကာလကို ပေါင်းစပ်ပြီး ဇာတ်အိမ်ဖွဲ့ ရေးလေ့ရှိတယ်။ Native Guard မှာတော့ မစ်စစ္စပီ Ship Island မှာ အမေရိကန်တောင်ပိုင်း ခွဲထွက်ဒေသအကျဉ်းသားတွေကို စောင့်ရှောက်ထားတဲ့ လူမည်းပြည်ထောင်စု တပ်ရင်းတစ်ခုရဲ့ ဇာတ်ကြောင်းကို တပ်သားတစ်ယောက်အမြင်နဲ့ ခံစားပြီး မူလအခြေအနေအတိုင်း မပျက်မယွင်း တင်ပြထားတယ်။ သူမ အဆိုအရ "ဆင်ခြင်တုံတရားကို ထောက်ထားပြီး ကျမတို့အနေနဲ့ မေ့ပစ်ဖို့လိုအပ်တဲ့ အကြောင်းအရာတွေ အများကြီး ရှိနေတယ်။ ဒါပေမယ့် အဓိကအချက်က ဘာလဲဆိုရင် သမိုင်းနောက်ခံအချက်တွေ အတိတ်မေ့ကုန်ခြင်းကို ရှောင်ရှားနိုင်ဖို့အတွက် မေ့ပျောက်ပစ်ဖို့နဲ့ အမှတ်တရရှိနေဖို့ လိုအပ်တာတွေကို ဟန်ချက်ညီအောင် ချိန်ထိုးတတ်ဖို့ပဲ။ " ဒီအယူအဆအမှားကို ရှောင်တိမ်းချင်တဲ့ ဆန္ဒဟာ ထရက်ဒ်သဝေးရဲ့ ကဗျာနဲ့ စာပေတွေမှာ ယနေ့အထိ တောက်လျှောက် ဆက်လက်တည်ရှိနေပါသေးတယ်။

မကြာသေးမီက ထုတ်ဝေခဲ့တဲ့ Beyond Katrina: A Meditation on the Mississippi Gulf Coast စာအုပ်နဲ့ သူမရဲ့ မွေးရပ်ဖြစ်တဲ့ မစ်စစ္စပီ Gulfport မြို့နဲ့ လေမုန်တိုင်းရဲ့ ရိုက်ခတ်မှုကြောင့် အကျပ်အတည်း အခက်အခဲတွေနဲ့ ကြုံခဲ့ရတဲ့ ဒေသခံ လူထုကို ဂုဏ်ပြုထားခဲ့တယ်။

သူမရဲ့ ပထမဆုံး ကဗျာပေါင်းချုပ်ကို ၂၀၀၀ ခုနှစ်မှသာ ပုံနှိပ်ထုတ်ဝေခဲ့ပေမယ့် ထရက်ဒ်သဝေးဟာ အဲဒီအချိန်မှာ သူမရဲ့ ကဗျာတွေအတွက် ဂုဏ်ပြုဆုပေါင်းများစွာကို ရရှိနေခဲ့ပြီးပါပြီ။ Native Guard ကဗျာနဲ့ ပူလစ်ဇာဆုကို ရပြီးတဲ့အပြင် ၁၉၉၉ ခုနှစ်မှာ Domestic Work ကဗျာနဲ့ Cave Canem ကဗျာဆု၊ ၂၀၀၁ ခုနှစ်မှာ Mississippi Institute of Arts and Letters Book Prize ဆု နဲ့ 2001 Lillian Smith Award for Poetry ဆုတွေကို အသီးသီး ရရှိခဲ့ပါတယ်။ Bellocq's Ophelia စာအုပ်ဟာ 2003 Mississippi Institute of Arts and Letters Book Prize ဆုကို ရခဲ့ပြီး American Library Association ရဲ့ 2003 Notable Book အဖြစ် သတ်မှတ်ဂုဏ်ပြုခြင်း ခံရပါတယ်။ ထရက်ဒ်သဝေးဟာ Guggenheim Foundation နဲ့ Rockefeller Foundation နဲ့ National Endowment for the Arts တို့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ်လဲ သတ်မှတ်ခြင်းခံရပြီး Harvard University မှာ အဆင့်မြင့်ပညာသင်ကြားဖို့ Bunting Fellowship Program of the Radcliffe Institute ကပေးတဲ့ ပညာသင်ထောက်ပံ့ကြေးကိုလဲ ရရှိခဲ့ပါသေးတယ်။ The Southern Review လို စာစောင်တွေအတွက်လဲ သူမက မကြာခဏ ပံ့ပိုးပေးတတ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ Georgia Woman of the Year အဖြစ် ရွေးချယ်ခြင်းခံခဲ့ရတယ်။

ထရက်ဒ်သဝေးရဲ့ နောက်ဆုံး ကဗျာစာအုပ် Thrall ကို၂၀၁၂ မှာ ထုတ်ဝေခဲ့ပါတယ်။ တစ်နှစ်တည်းမှာပဲ သူမဟာ မစ်စ္စစပီရဲ့ နိုင်ငံတော် ကဗျာဆရာအဖြစ် ဂုဏ်ပြုခန့်အပ်ခြင်းခံရပြီး Librarian of Congress ဖြစ်တဲ့ James Billington ကလဲ သူမကို အမေရိကန်ပြည်ထောင်စုရဲ့ တစ်ဆယ့်ကိုးရောက်မြောက် နိုင်ငံတော် ကဗျာဆရာအဖြစ် ခန့်အပ်ခဲ့ပါတယ်။
သူမက အင်တာဗျူးတစ်ခုမှာ ကဗျာနဲ့ပတ်သတ်လို့ သူမအမြင်ကို အခုလို ပြောထားတာကို တွေ့ရတယ်။

"ကဗျာဟာ သူတို့ဘဝအတွက် အဓိပ္ပါယ်တစ်စုံတစ်ခုလောက် ရှိနိုင်မလားလို့ ကျမ သာမန်ပြည်သူလူထုကို မေးကြည့်ချင်တယ်။ ကလေးတွေဟာ ပန်းဂေါ်ဖီစိမ်းကို မြင်လိုက်ရင် သစ်ပင်ငယ်လေးတွေ လို့ခေါ်တတ်တယ်။ ဘာလို့လဲဆိုတော့ သူတို့က ပန်းဂေါ်ဖီစိမ်း ဆိုတဲ့ စကားလုံးတစ်လုံး အနေနဲ့တင် မြင်တာမဟုတ်ဘူး။ ဒီအရာဟာ ဘာနဲ့တူသလဲဆိုတဲ့ အရုပ်ပုံစံ အသွင်ကိုပါ မြင်တတ်လို့ပဲ။ ကျမတို့လို အရွယ်ရောက်ပြီးသား လူကြီးတွေအနေနဲ့ အဲသလို စဉ်းစားဖို့ မေ့နေတတ်ကြတယ်။ အရာတစ်ခုရဲ့ ပုံစံကိုပါ မြင်သာအောင် စဉ်းစားတတ်ဖို့ မေ့နေကြပြီး အမြဲတမ်း သတိပေးနေခံရတတ်တယ်။"

သူမရဲ့ ကဗျာအချို့ကို အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်။


ဖြစ်ရပ်

ငါတို့ဟာ ဒီဇာတ်လမ်းကို နှစ်စဉ်နှစ်တိုင်း ပြောလို့
ကန့်လန့်ကာကိုဆွဲချပြီး ပြတင်းပေါက်တွေကနေ ဘယ်လို စူးစိုက်ကြည့်ခဲ့သလဲ
ဘာဆို ဘာမှ မဖြစ်ပျက်ခဲ့သော်လည်း
လောင်ကျွမ်းပြီး မြက်ခင်းဟာ အခုတဖန် ပြန်စိမ်းလန်းလို့

ကန့်လန့်ကာကိုဆွဲချပြီး ပြတင်းပေါက်တွေကနေ စူးစိုက်ကြည့်ခဲ့တယ်
ခရစ်စမတ်သစ်ပင်လို ကျားကန်ထားတဲ့ လက်ဝါးကပ်တိုင်မှာ
လောင်ကျွမ်းပြီး မြက်ခင်းဟာ စိမ်းလန်းနေဆဲ - နောက်တော့
ငါတို့အခန်းတွေကို အမှောင်ချလိုက်တယ် - မှန်လုံရေနံဆီ မီးအိမ်ကို ထွန်းညှိလိုက်တယ်

ခရစ်စမတ်သစ်ပင်လို ကျားကန်ထားတဲ့ လက်ဝါးကပ်တိုင်မှာ
လူတစ်သိုက် စုရုံးရောက်လာခဲ့တယ် - ဝတ်ရုံဖြူတွေက ဘုရားခင်ရဲ့ တမန်တော်တွေလို
ငါတို့အခန်းတွေကို အမှောင်ချလိုက်ပြီး မှန်လုံရေနံဆီ မီးအိမ်ကို ထွန်းညှိလိုက်တယ်
ဆီအပြည့်ခွက်ထဲမှာ မီးစာတွေ ကတုန်ကယင်နဲ့ လှုပ်ခတ်လို့

ဝတ်ရုံဖြူနဲ့ လူတစ်သိုက်အဖြစ် ဘုရားသခင်ရဲ့ တမန်တော်တွေလို စုရုံးရောက်လာခဲ့ကြပုံပဲ
သူတို့လုပ်ဆောင်စရာတွေ ပြီးတာနဲ့ တိတ်ဆိတ်စွာ ပြန်ထွက်သွားကြတယ်
ဘယ်သူမှတော့ ရောက်မလာခဲ့ဘူး
ဆီအပြည့်ခွက်ထဲမှာ မီးစာတွေ တစ်ညလုံး ကတုန်ကယင်နဲ့ လှုပ်ခတ်နေခဲ့
ဖြာနေတဲ့ မီးလျှံတွေက မနက်မိုးမလင်းခင် လုံးဝ မှိန်သွားခဲ့ပြီ

သူတို့လုပ်ဆောင်စရာတွေ ပြီးတာနဲ့ လူတစ်သိုက် တိတ်ဆိတ်စွာ ပြန်ထွက်သွားကြတယ်
ဘယ်သူမှတော့ ရောက်မလာခဲ့ဘူး
ဖြာနေတဲ့ မီးလျှံတွေအားလုံး မနက်မိုးမလင်းခင် မှိန်သွားခဲ့ပြီ
ငါတို့ဟာ ဒီဇာတ်လမ်းကို နှစ်စဉ်နှစ်တိုင်း ပြောလို့

* * * *

အချိန်နဲ့ နေရာရဲ့ သီအိုရီ

ဒီနေရာကနေ အဲဒီနေရာကို ရောက်နိုင်တယ် သို့သော်
အိမ် အပြန်လမ်းကတော့ မရှိ

မင်းသွားတဲ့ နေရာတိုင်းဟာ မင်း မရောက်ဖူးသေးတဲ့
အခြားတစ်နေရာရာပဲ။ ဒီလိုမျိုး စမ်းကြည့်

မစ်စစ္စပီ အမြန်လမ်းမ ၄၉ ကနေ တောင်ပိုင်းကို ဦးတည်သွား
မိုင်တိုင်အမှတ် တစ်ခုပြီးတစ်ခုဟာ မင်းဘဝရဲ့ နောက်ထပ် တစ်မိနစ်ကို

အမှတ်အသား ခြစ်နေတယ်။ ဒီလမ်းအတိုင်း လိုက်သွား
ပင်လယ်ကမ်းခြေမှာ ရှိတဲ့ သူ့ရဲ့ သဘာဝ အဆုံးသတ်နိဂုံး

တစ်ဖက်ပိတ်လမ်းဆီ။ မိုးကို ခြိမ်းခြောက်ခေါ်နေတဲ့ ကောင်းကင်ပြင်ထဲ
ပုဇွန်ဖမ်းလှေတွေရဲ့ ရွက်တိုင်ဆိုင်းကြိုးတွေချုပ်ထားပုံ လျော့ရိလျော့ရဲ

ဂါ့ဖ်ပေါ့ထ်ရဲ့ ဆိပ်ခံတံတားပေါ်မှာ။ လမုတော ရွှံ့နွံ့ပေါ်မှာ ၂၆ မိုင် ရှည်တဲ့ သဲတွေ
ပုံထားတဲ့ အတိတ်ရဲ့ မြေပြင်ကို မြှုပ်ထားတဲ့ လူလုပ် ကမ်းခြေကို ဖြတ်သန်းခဲ့။

အစီအစဉ်မကျ စာမျက်နှာအလွတ်တွေနဲ့ အောက်မေ့စရာအပြည့် ကျမ်းခိုင်လို
မင်း သယ်ကိုသယ်ရမယ့် ပစ္စည်းတွေကိုသာ ယူဆောင်လာခဲ့။

သင်္ဘောကျွန်းဆီသွားဖို့ လှေပေါ်တက်ရမယ့် နေရာ။ ဆိပ်ကမ်းမှာ
တစ်စုံတစ်ယောက်က မင်း ရုပ်ပုံကို ရိုက်ယူလိမ့်မယ်။

ဓာတ်ပုံပေါ့ - မင်း ဘယ်သူဖြစ်ခဲ့လဲ ဆိုတဲ့
အတိတ်ကမင်းဟာ မင်း ပြန်လာချိန်မှာ စောင့်နေလိမ့်မယ်။

"Incident"
(Copyright © 2007 by Natasha Trethewey) အား ဆီလျော်အောင် ဘာသာပြန်သည်။"Theories of Time and Space"
(Copyright © 2007 by Natasha Trethewey) အား ဆီလျော်အောင် ဘာသာပြန်သည်။
ဖြူနှင်းဖွေး
(ကဗျာလောက ၃)





















ဝန်ခံချက်  ဇြူနှင်းဖွေး ဖေဘုတ်မှကူးယူသည်

No comments:

Post a Comment